တိုက်ကြီး ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ခြင်းကို ဇွန်လ ၄ ရက်နေ့နံနက် ၉ နာရီက ဖိုးခေါင်ကျေးရွာအုပ်စု၊ အိုင်ကလောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံက လုပ်ငန်းကော်မတီရွေးချယ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများက အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် ၉ ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။
တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို နိုင်ငံတော်ပံ့ပိုးငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးရွေးချယ် အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)