မင်းဘူး ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ဇွန်လ (၃) ရက်နေ့၊ (၄) ရက်နေ့နှင့် (၅) ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့်အချက်များ၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ စကုမြို့၊ မင်းဘူးမြို့တို့ရှိ လူစည်ကားရာနေရာများဖြစ်သည့် ကျောင်း၊ ဈေးနှင့် ပြည်သူ့ဆေးရုံကြီးရှေ့၊ အမှတ် ၁၊ ၂၊ ၃၊ ၄ ရပ်ကွက်များ၊ လမ်းဆုံလမ်းဂွနှင့် လူစည်ကားရာနေရာများ၊ မြေနိမ့်ပိုင်းဖြစ်ပြီး ရေဝင်ရောက်နိုင်သည့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်း၊ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ ရေးကြီးခြင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လုပ်ဆောင်ရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များကို Hand Speaker များ၊ အသံချဲ့စက်များဖြင့် နှိုးဆော်ကာ သိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ၍ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)