မင်းဘူး ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၂၆၄ ဦးက အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း သုံးထပ်ဆောင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ်များမှ Grade-9 ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများက အတန်းအလိုက် တက်ရောက်ပညာသင်ကြားလျက်ရှိရာ ပထမနှစ် Grade-10 ၌ စက်မှုဘာသာရပ်တွင် ၃၅ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၂၉ ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ၂၁ ဦး၊ စုစုပေါင်း ၈၅ ဦး၊ ဒုတိယနှစ် Grade-11 ၌ စက်မှုဘာသာရပ်တွင် ၅၈ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၂၆ ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ၇ ဦး၊ စုစုပေါင်း ၉၁ ဦး၊ တတိယနှစ် Grade-12 ၌ စက်မှုဘာသာရပ်တွင် ၆၄ ဦး၊ စိုက်ပျိုးရေးဘာသာရပ်တွင် ၁၉ ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ၅ ဦး စုစုပေါင်း ၈၈ ဦး အထိရှိကာ သတ်မှတ်အတန်းများအလိုက် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၆၄ ဦးက စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်ကပြောသည်။
အဆိုပါကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားနေမှုများကို မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇွန်လ ၄ ရက်မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ကာ ကျောင်းအုပ်ကြီးရုံးခန်း၌ မြို့နယ်ပညာရေးမှူး ကျောင်းအုပ်ဆရာကြီးနှင့် အတန်းပိုင်ဘာသာရပ်သင်ကြားရေး ဆရာ၊ ဆရာမများမှ ယခုပညာသင် နှစ်အတွက် ရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအားလုံးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး မေဂျာဘာသာရပ်များနှင့် ကျောင်းသင်ဘာရပ်များကို (၃)နှစ်ကြာ စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကိုအသုံးပြု၍ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားရေး နည်းပြ ဆရာ၊ ဆရာမများက စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းတွင်းသတ်မှတ်ချက် အရည်အချင်းများနှင့်ကိုက်ညီပြီး တက်ရောက်ပြီးစီးအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်ထားသော တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများတွင် လွယ်လင့်တကူ ဆက်လက်တက်ရောက် ပညာသင်ကြားနိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရရှိစေနိုင်မှာဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)