ပွင့်ဖြူမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း မိုးဂာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ‌အရေးပေါ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုများ၊ မြေပြိုကျခြင်းများနှင့် မုန်တိုင်းဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး အရေးပေါ် ကြုံတွေ့လာပါက ဒေသတွင်းရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်အောင် အချိန်နဲ့တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြည်သူများ သိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ သဘာဝဘေးသင့်နေရာများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ချက်ချင်းဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ် ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ မြို့နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )