ရေနံချောင်း ဇွန် ၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဇွန် ၃ ရက်နေ့က စတင်၍ ရှစ်မျက်နှာဘုရားဝန်းအတွင်း၌ ကျင်းပလျက်ရှိရာ လာရောက်လည်ပတ်သူများ၊ ဈေးရောင်းဈေးဝယ်ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အဆိုပါဈေးရောင်းပွဲတော်ကို ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လူသုံးကုန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်အရောင်းဆိုင်များ၊ ကလေးကစားစရာပစ္စည်းများနှင့် ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ စသည်ဖြင့် အသုံးအဆောင်ပစ္စည်းများကို တစ်နေရာထဲတွင် ဝယ်ယူရရှိနိုင်စေရန်အတွက် (၁၂)ပွဲဈေးသည်များက ဆိုင်ခန်းပေါင်း ၅၀ ကျော် ခင်းကျင်းရောင်းချလျက်ရှိသည်။
ထို့ပြင် အပန်းဖြေဆော့ကစားနိုင်ရန်အတွက် အပျော်စီးပင်လယ်ဓားမြလှေ၊ ချားရဟတ်၊ ဗလာမပါကံစမ်းမဲ၊ ဘောလုံးပစ်၊ ခြင်းလုံးပစ်၊ သေနတ်ပစ်၊ အရုပ်ကောက်၊ ပျော့ပျော့အိအိကစားကွင်းများလည်းပါရှိပြီး လာရောက်လည်ပတ်သူများ၊ ကုန်ပစ္စည်းဝယ်ယူသူများ၊ အပန်းဖြေဆော့ကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)