ပဲခူး ဇွန် ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှု အခြေအနေနှင့်ပတ်သက်၍ ခရိုင်/ တိုင်းဒေသကြီး ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်အား ယနေ့လူငယ်များမှ ပုခုံးပြောင်းတာဝန်ယူကြရမှာဖြစ်၍ ပညာရေးနှင့် စာတတ်မြောက်ရေးသည် နိုင်ငံတော်အတွက် အလွန်ရေးကြီးသည့် အခန်းကဏ္ဍတစ်ခုပင်ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက် သတ်မှတ်ရှိရင်း အင်အားအတိုင်း ကျောင်းအပ်နှံ၍ ကျောင်းအပ်နှံသည့်ဦးရေအတိုင်း ကျောင်းတက်ရောက်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများကို ပညာသင်နှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တန်းစဉ်ကူးပြောင်း တက်ရောက်နိုင်မှုသည် နှစ်စဉ်နည်းပါလျက်ရှိသည်ကို စိစစ်တွေ့ရှိရသဖြင့် နိုင်ငံတော်အစိုးရမှ ကျောင်းနေရွယ်ကလေးအားလုံး အနည်းဆုံး(KG+9)အထိ အခမဲ့ ပညာသင်ကြားနိုင်ရေး ဘက်ပေါင်းစုံဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ခေတ္တယာယီပိတ်ထားရသည့် စာသင်ကျောင်းများရှိ ကျောင်းသား/သူများ နီးစပ်ရာကျောင်းများတွင် ပြန်လည်အပ်နှံပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကာ စီးပွားရေးကြောင့် ကျောင်းမတတ်ရောက်နိုင်သည့် ကျောင်းသား/သူများအတွက် ကျောင်းသားမိဘာများနှင့်တွေ့ဆုံ၍ ကျောင်းပြင်ပပညာရေးသင်ကြားနိုင်ရေးနှင့် သတ်မှတ်စုရပ်များသို့ အချိန်မီရောက်ရှိစေရေး စည်းရုံးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အသက်မွေးပညာရပ်များ ဖွင့်လှစ်သင်ကြားပေးနေသည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများတွင် သတ်မှတ်အင်အားပြည့် ကျောင်းတက်ရောက်စေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် ပညာရေးမှူးများအနေဖြင့် ကျေးရွာအဆင့် စာသင်ကျောင်းများအထိ ကွင်းဆင်း၍ မိမိတို့၏ ပညာရေးဝန်ထမ်းအား ကြည့်ရှုစောင့်ရှောက်ရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း မျှော်မှန်းရာခိုင်းနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်းတင်ပြ ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်ပညာရေးမှူးတို့က မြို့နယ်အလိုက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ကျောင်းအပ်နှံနိုင်မှုနှင့် ကျောင်းတက်ရောက်နိုင်မှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး(အနောက်) ပညာရေးမှူး နှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က နှစ်အလိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က တင်ပြချက်များနှင့် ပတ်သက်၍ ကျောင်းတက်ရောက်ရမည့် ရှိရင်းအင်အားအပြည့် ကျောင်းအပ်နှံတက်ရောက်နိုင်ရေး သုံးသပ်အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်းအလိုက် ရာခိုင်နှုန်းအပြည့် ကျောင်းတက်ရောက်နိုင်ရေး လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)