ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ငှက်ပျော ၁၀၂၀ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးရန် လျာထားပြီး စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန် ဇွန်လမှစတင်၍ စက်တင်ဘာလအထိ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ငှက်ပျော ၁၀၂၀ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာပါ။ ယခု ဇွန်လထဲမှာ စတင်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ငှက်ပျောဈေးကွက်ကလည်း ကောင်းတာကြောင့် ငှက်ပျောစိုက်ပျိုးရေးက အခြေအနေကောင်းပါတယ်။ တစ်ချို့ တောင်သူတွေက ငှက်ပျောကို နှစ်သီးစား ဝင်ငွေရရှိအောင် သီးထပ်သီးညှပ် စိုက်ပျိုးကြတာတွေ တွေ့လာရတယ်။ ထွက်ရှိလာမယ့် ငှက်ပျောတွေကိုလည်း အရည်အသွေးကောင်းမွန်အောင် လိုအပ်တဲ့ နည်းပညာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားပါမယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငှက်ပျောစိုက်ပျိုးတောင်သူများအနေဖြင့် လျာထားစိုက်ဧက ပြည်မီရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ ကောင်းမွန်စေရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငှက်ပျောကို အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ငှက်ပျောကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )