ပုသိမ် ဇွန် ၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ၁ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ဇွန် ၂ နေ့ နံနက်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းအပ်နှံမှုအခြေအနေများနှင့် လျာထားချက်ပြည့်မီရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားကဏ္ဍနှင့် အနုပညာကဏ္ဍများတွင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများအား မြေတောင်မြှောက်၍ စနစ်တကျပြုစုပျိုးထောင်ပေးရေး၊ စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စာသင်ခုံများ၊ ကျောင်းသုံးပရိဘောဂများကောင်းမွန်ရေး၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ စုံလင်စွာထားရှိရေး၊ မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေးအတွက် ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေးအတွင် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက် ရောက်စေရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများကို စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရေး၊ လျာထားကျောင်းသားအင်အား ပြည့်မီရေးအတွက် ဆရာ၊ မိဘ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ရေး၊ စာသင်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို မှာကြားခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများတွင် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀ သိန်း ၅ သောင်းကျော် အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ယခုကဲ့သို့တွေ့ဆုံခြင်းသည် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်စေရေးနှင့် ဒေသလုံခြုံရေးအခြေအနေများကို သိရှိလို၍ဖြစ်ပါကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ၁ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသားအင်အား ၁၁သိန်း ၃သောင်းကျော်တက်ရောက်နိုင်ရေးလျာထားခဲ့ရာ ယနေ့အထိ ၁၀သိန်း ၅ သောင်း ကျော်ကျောင်းအပ်နှံတက်ရောက်လျက်ရှိပြီး လျာထားချက်ပြည့်မီအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေးမျက်နှာမြို့နယ်တွင်လည်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်စေရေးနှင့် လျာထားချက်ပြည့်မီအောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယာယီနေရပ်စွန့်ခွာဒေသများမှ ကျောင်းနေအရွယ်ကလေးအားလုံး ရောက်ရှိသည့်နေရာများတွင် ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအလိုက် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၏ သား၊ သမီးများ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းပြီး ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်သွားရန်နှင့် စဉ်ဆက်မပြတ် အတန်းစဉ်ကူးပြောင်းစေရေးအတွက် မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့မိမြို့ဖများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ယာယီနေရပ်စွန့်ခွာဒေသများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံတက်ရောက်မှု၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ဖွင့်လှစ်တက်ရောက်မှုနှင့် ကျောင်းအပ်နှံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)