ပွင့်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း မိုးရာသီကာလ ရေကြီးရေလျှံမှု အန္တရာယ်ကင်းဝေးစေရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်အတွက် ယမန်နေ့က ဝန်ထမ်းများ စုပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များတွင် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့တွင်း သရဖီလမ်းတစ်လျှောက် လမ်းဘေး(ဝဲ ၊ ယာ)ရှိ ရေနုတ်မြောင်းအား မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်စေရန် ရေနုတ်မြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်သရိုက်နှင့် နုန်းသဲများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းဆယ်ယူရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေး(ဝဲ၊ ယာ)ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် စွန့်ပစ်အမှိုက်များ ရှင်းလင်းသိမ်းဆည်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )