သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

သရက် ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယနေ့ နံနက် (၉) နာရီက ခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် ဝန်ထမ်းအငြိမ်းစားများအား ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ကြီးကြပ်မှုဖြင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ ဆီချိုရောဂါ စစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)