လွိုင်လင် ဒီဇင်ဘာ ၁၂
ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)၏ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ဆေး တွေ့ရှိခဲ့ပြီး ယမန်နေ့ည (၈)နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂၄)ဦးရှိကြောင်းနှင့် ၎င်းတို့အနက်မှ (၉)ဦးသည် လွိုင်လင်မြို့၌ အသွားအလာကန့်သတ်ထားရှိသူများ၊ နေအိမ်တွင် ကန့်သတ်စောင့်ကြည့်ထားသူများ ဖြစ်ကြောင်းသိရသည်။
လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးကော်မတီက အသွားအလာ ကန့်သတ်ထားရှိသူများ၊ နေအိမ်တွင် ကန့်သတ်စောင့်ကြည်ထားသူ(၂၆)ဦးတို့၏ နမူနာများ ရယူပြီး ဒီဇင်ဘာလ ၉ ရက်တွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၉)ဦးမှာ ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့ (၉)ဦးမှာ နေအိမ်တွင် ကန့်သတ်စောင့်ကြည့်ထားသူ ကျား-၂ ဦး ၊ မ-၂ ဦး ၊ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ကျား- ၂ ဦး ၊ မ- ၃ ဦး ဖြစ်သည်။ ကိုဗစ် -၁၉ အတည်ပြုလူနာနှင့် ထိတွေ့မှု မရှိကြောင်း၊ ခရီးသွားရာဇဝင်ရှိကြောင်း အားလုံးကို လွိုင်လင် ဆေးရုံကြီး သီးသန့်လူနာဆောင်တွင် ထားရှိကုသ ပေးသွားမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)