မင်းဘူး ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မင်းဘူး(စကု) မြို့နယ်ဧရာဝတီမြစ်ကမ်းဘေးနှင့် မန်းချောင်းဘေးရှိ မြို့ပေါ်ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့များက ဧရာဝတီမြစ်ကမ်းနှင့် မန်းချောင်းဘေးတစ်လျောက် မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များ၊ ဈေးနှင့် လူစည်ကားရာနေရာများ၊ ကျေးရွာများတွင် နေထိုင်ကြသူများ၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ရေဘေးအန္တရာယ်နှင့် စပ်လျဉ်းပြီး ကြိုတင်သတိပေးခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ နေ့စဉ်ထုတ်ပြန်သည့် မိုးရေချိန်လက်မနှင့် မြစ်ရေခန့်မှန်းချက်များ၊ ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဘေးမဖြစ်ပွားမီနှင့် ဘေးဖြစ်ပွားချိန်တွင် လုပ်ဆောင်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို Hand Speaker ဖြင့် အသိပေးလှည့်လည်နှိုးဆော်ခြင်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံများရှိ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများအပြင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ၉၅၅ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မင်းဘူး(စကု) မြို့နယ်၌ ဧရာတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး ရေအမှတ် ၁၆၅၀ ဝန်းကျင် ခန့်ရောက်မှသာ မြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်လေ့ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)