ငဖဲ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့ပေါ် အခြေခံပညာကျောင်းများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ မိုးဦးကျရာသီတွင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကင်းဝေးစေရန်အတွက် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းတွင်းအခြေခံပညာမူလတန်းကျောင်းနှင့် မြို့မအခြေခံပညာမူလတန်းကျောင်းများတွင် ခြင်များခိုအောင်းနေထိုင် ပေါက်ဖွားမှုမဖြစ်ပေါ်စေရေး ရေအိုး၊ ရေစည်၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် ပိုးလောက်လမ်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေသိုလှောင်ကန် များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)