ပခုက္ကူမြို့၊ သဘာဝဘေးဒဏ်ခံအဆောက်အဦခန်းမ၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ သဘာဝဘေးဒဏ်ခံအဆောက်အဦခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမျိုးအောင်က ပြည်သူများ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းက ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် ရှောင်းရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လူနေအိမ်များတွင် မိုးရေနှင့် မြစ်ရေဝင်ရောက်မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ စနစ်တကျစုစည်းထားရှိသင့်သည့် အရေးပေါ်သုံးပစ္စည်းများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာမှုအား စဉ်ဆက်မပြတ်စောင့်ကြည့်ရန်အကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများက ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)