ဂန့်ဂေါ ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က မြို့မရပ်ကွက်ရှိ အ-ထ-က (မြို့မ)ကျောင်းရှေ့နှင့် ဂန့်ဂေါ-အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူးတံတားထိပ်များသို့ သွားရောက်၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရှိုင်းသူနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပြည်သူများလိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မဖြစ်ခင် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ဆောင်ရွက်ရမည့် ဆောင်ရန်နှင့် ရှောင်ရှားသင့်သည့် အချက်များပါဝင်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၁၅၀) စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မောင်မျိုးမင်း