တာချီလိတ် ဇွန် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများကာကွယ်နိုင်ရေး ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်နောက်တွင် မယ်ဆိုင်ချောင်းဘေး မြေသားတာဘောင် ရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
တာချီလိတ်မြို့၌ ယခင်နှစ် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံတို့၏ လမ်းညွှန်မှုဖြင့် မြေသားတာဘောင် ရေထိန်းနံရံ အမြင့် ၃၀ ပေ၊ တာဘောင် အရှည် ၁၆၃၀ ပေကို စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် မေလ ၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ပေ ၂၁၀ အား ရိုးမအလင်းတန်းကုမ္မဏီမှ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိနေသည့် ပေ ၁၄၂၀ အား အချိန်မီပြီးစီးရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေသားတာဘောင် ရေထိန်းနံရံဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည့် အစီအမံများကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)