ဖရူဆို ဒီဇင်ဘာ ၁၂
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့မကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုတို့တွင် လိုက်လံ နှိုးဆော် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက အများပြည်သူ အလွယ်တကူသိရှိရမည့် ကိုဗစ် - ၁၉ ရောဂါ လက္ခဏာများ၊ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ အလေးထား လိုက်နာနေထိုင်စေရေးနှင့် ရာသီဥတုပြောင်းလဲမှု ကြောင့် ဖြစ်ပေါ်တတ်သော သဘာဝ ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်သည့် ဆောင်ရန်ရှောင်ရန် နည်းလမ်းများကို မြို့မကျေးရွာ အုပ်စု ခေါသမောကျေးရွာ၊ လောခုခူကျေးရွာနှင့် မာခရောရှေ့ကျေးရွာအုပ်စု ဒေါလောခူကျေးရွာတို့တွင် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အသိပညာပေးလုပ်ငန်း လိုက်လံနှိုးဆော်ပေးခဲ့သည်။ အလားတူ ကေးလျားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၆)ရွာတို့တွင်လည်း ယမန်နေ့က အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)