ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းတိုးချဲ့နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

တောင်ကြီး ဇွန် ၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများလိုက်ပါလျက် မေလ (၃၀)ရက်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့၊ ယာဥ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သစ်တောရပ်ကွက်ရှိ ယာဥ်ငယ်ဂိတ်၊ ရထားသံလမ်းအနီး နေမင်းရောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော ကတ္တရာလမ်းတိုးချဲ့ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးမှရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမိုင်ကွေ့ - နောင်ထလီ - ညိုမီး - နောင်ပနားဗွာ၊ လင်ကွင်းထီရီ(မွေးမြူရေးဇုန်) ရွှေညောင်လမ်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးကြီးကြပ်ရေးအဖွဲ့မှ လမ်းနှင့်ပတ်သက်၍ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ဂနိုင်ကန်(၃)အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကန်အတွင်းရေထိန်းတံခါး တပ်ဆင်ထားရှိမှုနှင့် ခြံစည်းရိုးကာရံမည့်နေရာ၊ သစ်ပင်စိုက်ပျိုးမည်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့ရေထွက်ဦးလမ်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ကျန်ရှိလုပ်ငန်းအချို့ ဆောင်ရွက်နေသည့် လမ်းဘေးရေနုတ်မြောင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)