ပဲခူး ဇွန် ၁
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် မေလ (၃၁)ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီတိုက်နယ်ဆေးရုံသို့သွားရောက်၍ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
ဆေးကုသမှုများပြုလုပ်ပေးရာတွင် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော် (အထွေထွေရောဂါ)၊ ကလေး၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားနှင့် ခံတွင်း၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေး၊ အရေပြား၊ ဓာတ်မှန် စသည့်ဘာသာရပ် (၁၀) ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေလွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများတိုးချဲ့ကာ ကျေးလက်ဒေသအထိ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်ဆေးကုသမှုပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ဒုတိယဆေးရုံအုပ်ကြီးဒေါက်တာသန္တာဆွေ၊ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမြတ်စိုး၊ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီတိုက်နယ်ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများပြုလုပ်ပေးရာတွင် ရဟန်း၊ ရှင်၊ လူ စုစုပေါင်း(၄၁၀)ဦးလာရောက်ပြသကြပြီး အဆိုပါလူနာများအထဲမှ အထွေထွေရောဂါလူနာ(၁၂၃)ဦး၊ သားဖွားမီးယပ်လူနာ(၂၁)ဦး၊ ကလေးလူနာ(၇)ဦး၊ မျက်စိလူနာ(၆၉)ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ(၂၆)ဦး၊ ခွဲစိတ်လူနာ(၄၁)ဦး၊ အရေပြားလူနာ(၃၀)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ(၂၃)ဦး၊ အကြောအဆစ်လူနာ(၇၀)ဦး စုစုပေါင်းလူနာ(၄၁၀)ဦးတို့အား ဆေးကုသမှုပြုလုပ်ပေးနိုင်ခဲ့သည့်အပြင် အာထရာဆောင်းရိုက်ရန် လူနာ(၃၃)ဦးနှင့် အသေးစားခွဲစိတ်ရန်လူနာ(၁)ဦးတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်