ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ဒေသခံတောင်သူများက သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုမရှိစေရေး ရေစုပ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်

ပွင့်ဖြူ ဇွန်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် နွေသီးနှံစိုက်ပျိုးထားရှိသော နှမ်းစိုက်ခင်းများနှင့် မိုးကြိုပဲတီစိမ်းစိုက်ခင်းများတွင် မိုးရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဒေသခံတောင်သူများက သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုများမရှိစေရေး ရေစုပ်စက်များဖြင့် ရေများစုပ်ယူရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်း ၅၇၆၁၆ ဧက၊ မိုးကြိုပဲတီစိမ်း ၆၂၃၉ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုရက်ပိုင်း မိုးများအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် နှမ်းစိုက်ခင်းများနှင့် မိုးကြိုပဲတီစိမ်းစိုက်ခင်းများတွင် မိုးရေဝင်ရောက်မှုများဖြစ်ပွားခဲ့၍ ဒေသခံတောင်သူများက သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုမဖြစ်စေရန် ရေထုတ်မြောင်းများ ၊ ပတ်မြောင်းများ ၊ စိမ့်မြောင်းများ ဆောင်ရွက်ခြင်း ၊ ရေစုပ်စက်များ အသုံး ပြု၍ ရေများစုပ်ယူရှင်းလင်းခြင်းနှင့် သီးနှံများပျက်စီးဆုံးရှုံးမှုမဖြစ်အောင် လိုအပ်သောသွင်းအားစုများ ထည့်သွင်းခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် စပါး၊ နှမ်း၊ မိုးကြိုပဲတီစိမ်းနှင့် စားဖိုဆောင်သီးနှံမျိုးစုံတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )