ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ မေ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လ ပထမပတ်မှ စတင်ကာ စက်တင်ဘာလအထိ စိုက်ပျိုးသွားမည်ဖြစ်ပြီး လက်ရှိတွင် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ကြီးကြပ်ဆောင်ရွက်သွားပါမယ်။ သီးနှံအရည်အသွေးနဲ့ အထွက်နှုန်း ကောင်းဖို့အတွက် အလေးထား ဆောင်ရွက်ပေးသွားမှာပါ။ ဒီဒေသမှာက ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးကြသလို နှစ်သီးစား ဝင်ငွေရရှိအောင် သီးထပ်သီးညှပ်လဲ စိုက်ပျိုးကြပါတယ်”  ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေး၊ အထွက်နှုန်းများ ကောင်းမွန်ရေး၊  ဒေသနဲ့ ကိုက်ညီသော အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါ ကင်းရှင်းစေရေး စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစစွဲတတ်စေရေး  စသည့် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲစင်းငုံသီးနှံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှုကိုပါ ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲစင်းငုံကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေး ကြိုးပမ်းစိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )