မအူပင် မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီမြင့်ကအဖွင့်အမှာ စကားပြောကြားပြီး မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးက သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချသော အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းများအား အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများတွင် လက်တွေ့ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားသည်။ ၎င်းနောက် မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်သည်။
အဆိုပါ သင်တန်းအား (၁-၅-၂၀၂၅) ရက်နေ့မှ (၃၀-၅-၂၀၂၅) ရက်နေ့အထိ (၃၀) ရက်ကြာ သင်တန်းကြေးအခမဲ့ဖြင့် သင်တန်း နည်းပြဆရာမှ စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကိုယ်ပိုင်ဆိုင်ကယ်ပြုပြင်ခြင်းလုပ်ငန်းနှင့် ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်လိုသော သင်တန်းသားများအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှရန်ပုံငွေများ ထုတ်ချေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)