မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မယ်စဲ့ ဒီဇင်ဘာ ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဌာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ ခရိုင်တည်ဆောက်ရေးနှင့်အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးထက်လမင်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေသည့် ၆ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊ နမ့်မန်းကျေးရွာရှိ နမ့်မန်းချောင်းအား မူလလမ်းကြောင်းအတိုင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် နမ့်မန်းရေပေးမြောင်းပေါင် ပြန်လည်မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ငွေနှင်းတောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဗိုလ်ချုပ်လမ်း ကျောက်စီရေမြောင်း ပလပ်ဖောင်း အရှည် (၃၆၃၀) ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)