ပေါင်းတည် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က မိုးစပါးနှင့် အခြားမိုးသီးနှံအားလုံး သတ်မှတ်အထွက်နှုန်းရရှိစေရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရေး အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်မျိုးမင်းက မိုးရာသီ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ စိုက်ပျိုးရေး အသိပညာများကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်
တောင်သူများ၏ သိလိုသည်များကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက အသေးစိတ်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်နှင့်ကျေးရွာအုပ်စု စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီအဖွဲ့များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်/ကျေးစာရေး ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော တောင်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)