ပဲခူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်

ပဲခူး မေ ၃၀

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုကို လျော့နည်းလာစေရန်နှင့် ရောဂါဖြစ်ပွားမှုကြောင့် သွေးလန့်၍ အသက်ဆုံးရှုံးမှုများ မရှိစေရန်အတွက် ပဲခူးမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ပဲခူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ၊ ပိုးလောက်လမ်းများ ကင်းရှင်းစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်းနင်းရေးလုပ်ငန်းကို Community Based , School Base , Case Based သုံးမျိုးဖြင့် ဆောင်ရွက်နေကြောင်း “ဖုံး၊ သွန်၊ လဲ၊ စစ်” လုပ်ငန်းများကို လူတစ်ဦးချင်းမှ မိသားစုအလိုက် ပုံမှန်ဆောင်ရွက်ရကြောင်း၊ ခြင်လောက်လမ်း နှိမ်နင်းရေးလုပ်ငန်း ထိရောက်မှုရှိအောင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ခြင်လောက်လမ်းသေဆေး(Abate)ထည့်ခြင်း နည်းလမ်းများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။

သက်ဖြိုးကြိုင် (ပြန် /ဆက်)