ပေါင်းတည် မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီက ရပ်ကွက်နှင့်ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးဆိုင်ရာ အပတ်စဉ် အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရတို့၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး မြို့နယ်အနေဖြင့် မိုးစပါး၊ မိုးနှမ်းနှင့် မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ကျေးရွာများတွင် တောင်သူပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ရေး၊ လယ်ယာမြေဥပဒေများကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ အပြေအကြေ ပြန်လည်ပေးဆပ်နိုင်ရေး၊ သဘာဝမြေသြဇာနှင့် အခြားစိုက်ပျိုးရေးသွင်းအားစုများ ပြည့်ဝစွာ ထည့်သွင်းစိုက်ပျိုးရေး၊ နွေစပါးများအလေအလွင့် နည်းပါအောင် ရိတ်သိမ်းရေး၊ မိုးစပါးများကို အစေ့ချကိရိယာ (Drum Seeder)၊ ကောက်စိုက်စက်၊ လက်စိုက်များဖြင့် စိုက်ပျိုးစေရေး၊ နွေစပါးပြီးလျှင် မိုးစပါးအတွက် ပျိုးခင်းများ ကြိုတင်စိုက်ပျိုးထားရှိရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရန် ကူညီဆောင်ရွက်ပေးရေးတို့ကို မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)