တောင်တွင်းကြီး မေ ၃၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေးရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်း အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့၊ အမှတ် (၁၀၃) ခြေမြန်တပ်ရင်း ဘက်စုံသုံးခန်းမ၌ ဘေးအန္တရာယ်လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇေယျက မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များ၊ မီးလောင်မှုဖြစ်ပွားတတ်သည့် အခြေခံအကြောင်းတရားများနှင့် ဖြစ်ပွားနိုင်သည့်အခြေအနေများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် ပေါ့ဆမှု၊ ပေါင်းစပ်မှု၊ လုံလောက်သည့် အပူချိန်နှင့် လောင်စာဆီများ ရှိမှသာလျှင် မီးလောင်မှုဖြစ်ကြောင်း၊ ဟောင်းနွမ်းသည့် ဝါယာကြိုးများမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက အချိန်မီ တိကျခိုင်မာသည့် သတင်းအချက်အလက်များကို အသိပေးအကြောင်းကြားနိုင်ကြောင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေး အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စည်းစည်းလုံးလုံး စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သဘာဝဘေးအန္တရာယ် (၉)မျိုးရှိကြောင်း၊ မုန်တိုင်းနှင့်ပတ်သတ်သည့် အရောင် (၅)ရောင်ရှိကြောင်း၊ မိုးတွင်းကာလတွင် သတိထားနေထိုင်ကြရန်လိုအပ်ကြောင်း၊ မိုးလေဝသ သတိပေးအချက်လက်များအား နားထောင်ပြီး မိသားစုများနှင့် ဘေးပတ်ဝန်းကျင် ပြည်သူများအား မျှဝေအသိပေးကြရန်၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေနေထိုင်ကြရန် လိုအပ်ကြောင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)