ပခုက္ကူ မေ ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူများစားဝတ်နေရေးအဆင်ပြေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ယနေ့ နံနက်၉နာရီခွဲအချိန်က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးကြသည်။
ထို့သို့စစ်ဆေးရာတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်မားရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့မှ ဝန်ထမ်းများပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း လက်လီ၊ လက်ကားဖြန့်ဖြူး ရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းနှင့်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိ၊မရှိ၊ ကုန်ပစ္စည်းပြတ်လပ်မှုရှိ၊မရှိ၊ တရားဝင်မှတ်ပုံတင်ဖြန့်ဖြူး ရောင်းချထားသော အိမ်ဆောက်ပစ္စည်းများဟုတ်၊မဟုတ်၊ ကုန်ညွန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ၊မရှိ အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြသည်။
ထို့နောက် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များနှင့်ဝန်ထမ်းများအား ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက်ဈေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)