ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် လူ‌နေအိမ်ပေါ် သစ်ပင်လဲကျနေမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ကူညီခုတ်ထွင်ရှင်းလင်း

ပွင့်ဖြူ မေ ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ယနေ့ နံနက် နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ လူနေအိမ်ပေါ်တွင် သစ်ပင်လဲကျမှု ပိမိနေကြောင်း သိရ၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ကူညီခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ မိုးရွာသွန်းမှုကြောင့် အမြင့် ၂၀ ပေ၊ ပင်စည်လုံးပတ် ၃ ပေရှိ ဒန့်တလွန်ပင်မှာ ရေစိမ့်ဝင်တိုက်စားပြီး ပင်စည်အမြစ်လန်ကာ သက်တော်ရှည်ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ်သို့ လဲကျပိမိခဲ့ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်ကင်းဝေးစေရန်အတွက် စနစ်တကျ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ သစ်ပင်လဲကျမှုကြောင့် အခြား လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မိုးရာသီကာလတွင် ကြုံတွေ့ရလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ပြည်သူများ အန္တရာယ်ကင်းဝေးစေရန်အတွက် ပြည်သူ့အကျိုးပြု ကူညီဆောင်ရွက်ပေးခြင်း၊ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းစသည့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )