ဒီးမော့ဆိုမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်

ဒီးမော့ဆို       ဒီဇင်ဘာလ   ၁၂

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး စံသတ်မှတ်ချက်နှင့်အညီ  ဆောင်ရွက်ထားရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့် ပြုမည်ဖြစ်ရာ ယမန်နေ့ နံနက်ပိုင်းက စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်းဆိုင် ၂၀ ခန့်အား ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချ နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စံသတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆိုင်ရှင်များအနေနှင့် ဆိုင်များပြန်လည်ဖွင့်လှစ်ခွင့် ရရှိပါက လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကြီးဒဲရယ်