မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း မိုးများအဆက်မပြတ် ရွာသွန်းမှုများကြောင့် နှမ်းသီးနှံစိုက်ခင်း ဧကပေါင်း ၇၄၀ ကျော် ရေကြီးနစ်မြုပ်

မင်းဘူး မေ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း မိုးများ အဆက်မပြတ်ရွာသွန်းပြီး ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများအတွင်း မိုးရေများ ဝင်ရောက်မှုများကြောင့် နှမ်းသီးနှံစိုက်ခင်း ဧကပေါင်း ၇၄၀ ကျော် ရေကြီးနစ်မြုပ်မှုဖြစ်ပွား လျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်မှုကော်မတီထံမှ သိရသည်။

အဆိုပါ နှမ်းစိုက်ခင်းများအတွင်း မိုးရေဝင်ရောက်မှု အခြေအနေများကို မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အတူ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက မေလ ၂၉ ရက် မွန်းလွဲပိုင်းက ရေပုတ်ကျေးရွာနှင့် ပင်လယ်သက်ကျေးရွာသို့ သွားရောက်ကွင်းဆင်းပြီး ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူ များ၏ လိုအပ်ချက်တင်ပြမှုများပေါ် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သည့်စိုက်ခင်းများ၌ သီးနှံအသစ် အစားထိုးစိုက်ပျိုးနိုင်ရေး နည်းပညာများနှင့် ပြန်လည်ကုစား နိုင်ရေးဆောင်ရွက်ရမည့် နည်းလမ်းများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ မေလ ၂၆ ရက်နေ့မှ စတင်ပြီး မိုးများနေ့စဉ် အဆက်မပြတ် ရွာသွန်းမှုကြောင့် ခွန်သာ၊ ကြီးကံ၊ ရွှေချောင်း၊ ကျောက်စစ်ပုံ၊ ကဒီး၊ ပန်းလွှား၊ ရေပုတ်နှင့် ကုလားပါး ကျေးရွာအုပ်စုများမှ စိုက်ကွင်းပေါင်း(၂၃)ကွင်းရှိ တောင်သူပေါင်း ၂၃၂ ဦးတို့၏ ဆီထွက်သီးနှံ စိုက်ခင်းများဖြစ်သော နွေနှမ်း ၆၇၇ ဧကနှင့် မိုးနှမ်း ၆၇ ဧက စုစုပေါင်း နှမ်းသီးနှံစိုက်ခင်း ၇၄၄ ဧက အတွင်း မိုးရေများဝင်ရောက်ကာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားလျက် ရှိကြောင်း၊ လယ်ကွက်၊ လယ်ကွင်းများအတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် ဒေသခံ တောင်သူများအနေဖြင့် စပါးမစိုက်ပျိုးမီ ကြားကာလများတွင် အခြားသီးနှများ စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးသီးနှံများ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် စိုက်ပျိုးရေကို ရယူသုံးဆွဲရာတွင် မိရိုးဖလာ ကွက်ဆင့်သောက်စနစ်မှ ကိုယ်ပိုင်လယ်ကြားမြောင်း၊ စိမ့်မြောင်း၊ ပါတ်မြောင်းများ တူးဖော်ကျင့်သုံးခြင်းနှင့် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းများဆောင်ရွက်ရန် အထူးလိုအပ်မည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်မှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။

“အခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် စိုက်ပြီးခါစ မိုးနှမ်းစိုက်ခင်းနဲ့ သီးပွင့်နေဆဲနွေနှမ်း စိုက်ခင်းတွေကတော့ ထိခိုက်ပျက်စီးမှုရှိနိုင်ပါတယ်။ မိုးရွာတာရပ်တန့်ပြီး မိုးရေပြန်လည် ကျဆင်းမှုမြန်ရင်တော့ ပြန်လည်ကုစားလို့ ရကောင်းရနိုင်ပါလိမ့်မယ်။ မိုးက အဆက်မပြတ် ထပ်ရွာနေဦးမယ်ဆိုရင်တော့ ဒီနှမ်းစိုက်ခင်းတွေအားလုံးက မိုးတိတ်လို့ မြေမာသွားတဲ့အခါ နောက်သီးနှံထပ်စိုက်ဖို့ မြေဆွေးအဖြစ်နဲ့ ထယ်ထိုးမြေမြုပ်တာတွေ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်” ဟု ရေပုတ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ရှင်းပြသည်။

မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ၏ နှမ်းသီးနှံစိုက်ခင်းများတွင် မိုးရေများဝင်ရောက်ကာ ရေကြီးနှစ်မြုပ်မှုဖြစ်ပွာခဲ့သည့် စိုက်ကွင်းဧရိယာများ၌ အမှန်တကယ်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစိစစ်ပြီး စာရင်းများ ကောက်ယူကာ အတည်ပြုတင်ပြဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)