ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ယခုနှစ်မိုးရာသီတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်းလေးသောင်း အခမဲ့ ဖြန့်ဝေစိုက်ပျိုးသွားမည်

ပွင့်ဖြူ မေ ၃၀

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ၂၀၂ ခုနှစ်  မိုးရာသီတွင် ဒေသတွင်းသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သဘာဝတောများကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့်ကြုံတွေ့ရသည့်သဘာဝဘေးအန္တရာယ်နှင့်  ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်းလေးသောင်း အခမဲ့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးထံမှ သိရသည်။

ထိုသို့ လူထုဖြန့်အစီအစဉ်ဖြင့် အခမဲ့စိုက်ပျိုးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် သာသနာ့နယ်မြေများအတွင်း ကျွန်း ၊ မဲလီ ၊ တမာ  ၊ ကုက္ကို ၊  ယူကလစ် ၊ မယ်ဇယ်ဗန်ဒါ ၊ စိန်ပန်းကြီး စသည့် အရိပ်ရပျိုးပင် လေးသောင်းအား ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကာ  ပြည်သူများအနေဖြင့် မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်ခြံတွင် လာရောက် ထုတ်ယူစိုက်ပျိုးနိုင်ကြောင်းသိရသည်။

"ဒီနှစ်မိုးရာသီမှာ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် အခမဲ့ဖြန့်ဝေစိုက်ပျိုးရန် ကျွန်း ၊ မဲဇလီ ၊ တမာ ၊ မယ်ဇယ် ၊ စိန်ပန်းကြီး ၊ ကုက္ကို ၊ ဗန်ဒါ ၊ ယူကလစ် စသည့်အရိပ်ရပျိုးပင်လေးသောင်းကို မြို့မပျိုးဥယျာဉ်ခြံမှာ ပြုစုပျိုးထောင်ထားရှိပြီးဖြစ်ပါတယ်။ မြို့နယ်သစ်တောဦးစီးဌာနက နှစ်စဉ်အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်ပြီး ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနဲ့ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ပြည်သူများ၏နေအိမ်ခြံဝန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများနဲ့ သာသနာ့နယ်မြေများတွင် အခမဲ့ဖြန့်ဝေ စိုက်ပျိုးဆောင်ရွက်လျက်ရှိပါတယ်။ယခုလို လူထုဖြန့်အစီအစဉ်ဖြင့် စိုက်ပျိုးရခြင်းရဲ့ရည်ရွယ်ချက်က ဒေသခံပြည်သူလူထုအား သစ်တော သစ်ပင်များကို ချစ်မြတ်နိုးပြီးတန်ဖိုးထားထိန်းသိမ်းတတ်စေဖို့၊သစ်တောသစ်ပင်များရဲ့ အကျိုးကျေးဇူးတွေကိုသိရှိနားလည်းပြီး ဒေသတွင်းဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုတဲ့ အလေ့အကျင့်များရရှိစေဖို့၊စည်းကမ်းမဲ့ သစ်တောသစ်ပင်များ ခုတ်လှဲခြင်းများ ရှောင်ကြဉ်နိုင်စေဖို့ စတဲ့ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးက ပြောကြားသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )