မော်လမြိုင် မေ ၂၉
မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန်၊ ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေမြိုင်သီရိရပ်၊ မျှော်လင့်ဆိပ်ကမ်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ၊ အဖွဲ့ဝင် ဦးကျော်မြင့်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလှမင်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ငါးမျိုးစိုက်ထည့် ကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရေလုပ်သားများက အတ္ထရံမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ငါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ငါးသယံဇာတများ ပေါကြွယ်ဝစေရန် ငါးသယံဇာတများ မပြုန်းတီးစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှုမြင့်မားလာစေရေးတို့အတွက်ရည်ရွယ်၍ သထုံငါးသားဖောက်စခန်းမှ (၂)လက်မအရွယ် ငါးသားပေါက်ကောင်ရေ (၁)သိန်းအား အတ္ထရံမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)