ကဝမြို့နယ်တွင် လူမှုရေးပင်စင် (Social Pension) ငွေကြေးထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းစဉ်များ အသိပညာပေးခြင်းအခမ်းအနားကျင်းပ

ကဝ မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကဝမြို့နယ်တွင်လူမှုရေးပင်စင် (Social Pension) ငွေကြေးထောက်ပံ့မှုဆိုင်ရာလုပ်ငန်းစဉ်များ အသိပညာပေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်ကလူမှုရေးပင်စင် ထောက်ပံ့သည့်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက် ၉၀ နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ပေးလျက်ရှိရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ အသက် ၈၅ နှစ်နှင့် အထက်ပြောင်းလဲ၍ တစ်ဦးလျှင် တစ်လ ကျပ် ၁၀,၀၀၀/-နှုန်း ဖြင့် ၃ လတစ်ကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ရာတွင် နိုင်ငံတော်ဘတ်ဂျတ် ရန်ပုံငွေမှ သုံးစွဲထောက်ပံ့နေရသည့်အတွက် အလေအလွင့်မရှိစေရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ခြင်း မှတ်တမ်းစာအုပ်များအား စာရင်းစစ်အစစ်‌ဆေးခံနိုင်ရေးအတွက် ပြင်ဆင်ထားရန်လိုပါကြောင်း၊ Social Pension Data Entry သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား အမှန်တကယ် အကျိုးခံစားခွင့်ရှိသူများထံသို့ ရောက်ရှိနိုင်ရေးဆက်စပ်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုပါကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးအဆင့်ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက မိမိတို့သိရှိလိုသည့် အချက်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ရဲဇော်ဟိန်း