ပြည်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပြည် မေ ၂၉

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်၏ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအဖွဲ့က “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းဟန်ဇော်က ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် ပြည်မြို့နယ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်က အခမဲ့ဖြန့်ဝေ‌ပေးသော ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်ပြဋ္ဌာန်းစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံပစ္စည်းများကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့ကြပြီး အမှတ်(၃) အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ပြည်မြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၈)ကျောင်းနှင့် အခြေခံပညာကျောင်း (၁၈၈)ကျောင်း၊ စုစုပေါင်း (၂၁၉)ကျောင်းတွင် မေလ ၂၂ ရက် နံနက်ပိုင်းကစတင်ကာ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်း‌နေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘ/ဆရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)