ပေါက်ခေါင်း မေ ၂၉
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ-ထ-က (ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ-ထ-က(ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူများက “ကျောင်းအပ်နှံရေးနေ့” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သော ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးလှိုင်မင်းထွဋ်နှင့် ကျောင်းအုပ်ကြီးများထံ ပေးအပ်သည်။ ထို့နောက် အထက(အိုးဘိုကုန်း) ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်ကျောင်းခွဲ (၉)ကျောင်း၊ အလယ်တန်းကျောင်း (၁၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၃)ကျောင်း၊ မူလွန်ကျောင်း (၅၅)ကျောင်း၊ မူလတန်းကျောင်း (၁၀၃)ကျောင်းနှင့် မူလတန်းကျောင်းခွဲ (၁၀)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၂၁၉)ကျောင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)