သာယာဝတီ မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က(၁)သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အထက(၁) ကျောင်းမှကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတာ်အစိုးရသည် ကျောင်းအပ်နှံရေးရက်သတ္တပတ် သတ်မှတ်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်မှ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးအပ်သော ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများကပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ကြရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။
သာယာဝတီမြို့နယ်တွင် ထက်၊ လယ်၊ မူ အခြေခံပညာကျောင်းပေါင်း (၁၉၄)ကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ခန့်မှန်းလျာထား ကျောင်းသား၊ ကျောင်းသူ (၂၈၂၅၄) ဦးတွင် ယနေ့အထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား/ကျောင်းသူ (၂၅၁၂၀)ဦး ကျောင်းအပ်နှံခဲ့ပြီး ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန့်ဇော် (သာယာဝတီ)