ကျိုက်ထို မေ ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၈ရက်၊ နံနက် ၉ နာရီအချိန်က ကျိုက်ထိုမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား အထက(၁)ကျိုက်ထိုမှ ကျောင်းသားကျောင်းသူများက “ကျောင်းအပ်နှံကြပါစို့ “သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်က“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ယခုနှစ်ကျောင်းအပ်နှံရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့်တာဝန်ရှိသူများ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးအမှာစကား ပြောကြားသည်။
ယင်းနောက် ခရိုင်ပညာရေးမှူးဦးခိုင်ထွန်းက လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်အရ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ကျောင်းနေသည့်ကလေးတိုင်း ကျောင်းနေမြဲရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးမောင်ညိုက မြို့နယ်အတွင်းကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ အခမဲ့ပညာရေးစနစ်အတွက် နိုင်ငံတော်မှထောက်ပံ့ပေးမှု အခြေအနေများနှင့် အခြေခံပညာကျောင်းအသီးသီးတို့၌ ကျောင်းများဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူတို့က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကျောင်းသုံးဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံကို ထောက်ပံ့ပေးအပ်ခြင်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်လှိုင်းဝေနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်စန်းစန်းအေးတို့က ဗလာစာအုပ်များကို ပေးအပ်လှူဒါန်းကြရာ အခြေခံပညာကျောင်းများအလိုက် ကျောင်းသားကျောင်းသူတို့က လက်ခံရယူခဲ့ကြသည်။
ထို့နောက် အထက(၂)ကျိုက်ထိုမှ ကျောင်းသား၊ ကျောင်းသူများက” ပန်းများဝေဆီပွင့်လေပြီ” တေးသီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ဝင်းမောင်