မွန်ပြည်နယ်ဝန်ကြီးချုပ် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုနှင့် ကျောင်းအပ်နှံမှုအား ကြည့်ရှုအားပေး

 မုဒုံ မေ ၂၉

မွန်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတိုးတက်စေရေးနှင့် ပြည်သူများကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာကြည့်တိုက်ယဥ်ကျေးမှုထွန်းကားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မှုအား လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်းစာကြည့်တိုက်နှင့် မုဒုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သုတရတနာစာကြည့်တိုက်တို့၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဘဲရမ်းကျေးရွာရှိ ပညာပျိုးခင်းစာကြည့်တိုက်၌ ကျောင်းသား/သူများက ဆေးရောင်ခြယ်ပြိုင်ပွဲကို ယှဥ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဆုရ ကျောင်းသား/သူများအား ဆုများချီးမြှင့်ပေးအပ်ကာ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌက စာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းခဲ့သည်။ 

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ သုတရတနာစာကြည့်တိုက်တွင် ကျောင်းသား/သူများက “ကံဆိုးမှုကို ငြင်းပယ်ပါ၊ ချမ်းမြေ့မှုကိုရွေးချယ်ပါ၊ လူငယ်တွေကို လျော့မတွက်ပါနဲ့၊ ရည်ရွယ်ချက်အတွက်အချိန်၊ အမှိုက်ထုပ် သီအိုရီခေါင်းစဥ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးခြင်းနှင့် ပန်းချီပြိုင်ပွဲကျင်းပနေမှုတို့ကို ကြည့်ရှုအားပေးပြီး ကျောင်းသား/သူများအား ဆုလက်ဆောင်များ‌ပေးအပ်၍ ကျောင်းစာကြည့်တိုက်အတွက် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းက လှူဒါန်းသည့် စာအုပ်စာစောင်များအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး စာအုပ်စာစောင်နှင့် အသိပညာပေးနံရံကပ်ပိုစတာ ပြသထားမှုများအား ကြည့်ရှုခဲ့သည်

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်း၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/သူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး နိုင်ငံတော်မှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံတို့ကို လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား/သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)