ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးထုအတွင်း မှန်ကန်သောအာဟာရအသိပညာ ပြည့်စုံစေရေး ခရိုင်အဆင့်ဆရာဖြစ်သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့်အမျိုးသမီးထုအတွင်းမှန်ကန်သော အာဟာရအသိပညာပြည့်စုံစေရေး ခရိုင်အဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းကဗဟန်းမြို့နယ်ရှိ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီး မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် ဒီသင်တန်းကိုဖွင့်လှစ်ရခြင်းမှာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များအနေဖြင့် အာဟာရဆိုင်ရာအသိပညာ ဗဟုသုတများရရှိပြီး ပြည်သူလူထုအတွင်း အာဟာရအသိပညာများ ဖြန့်ဖြူးပေးရန်နှင့် အာဟာရစောင့် ရှောက်မှုပေးနိုင်ရန်၊ မှန်ကန်သောသတင်းအချက်အလက်စကား ဆင့်ပွားဖြန့်ဝေနိုင်ရန်၊ မိခင်နှင့် ကလေးငယ်များ မှန်ကန်သောစားသောက်နေထိုင်မှု ဓလေ့မြင့်မားလာပြီး အာဟာရပြည့်ဝစေရန်၊ အမျိုးသမီးများအနေဖြင့် အစားအစာကို အရသာကောင်းမွန်စေရုံသာမက အစားအစာမှ အာဟာရလိုအပ်ချက်ပြည့်ဝစွာရရှိရေးကို အထူးသတိပြုဆောင်ရွက်တတ် စေရန်ရည်ရွယ်ဖွင့်လှစ်တာဖြစ်လို့ သင်တန်းသူမိခင်နှင့် ကလေးအသင်းဝင်များက တဆင့် မြို့နယ်/ရပ်ကွက်/ကျေးရွာ အတွင်းရှိမိခင်၊အမျိုးသမီးများကိုအသိပညာများ ပြန့်နှံ့အောင် အသိပေးဖို့လိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာနန္ဒဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကကြီးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သင်ကြားရေး ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)