ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ဂန့်ဂေါ မေ ၂၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ကျောင်းအပ်နှံရေးနေ့အခမ်းအနားအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူလေးများကို အရည်အသွေးပြည့်ဝသော နိုင်ငံသားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူခွင့်ရရှိရေး၊ ကျောင်းအပ်နှံရေးအခွင့်အလမ်းများရရှိပြီး ကျောင်းအပ်နှုန်း၊ ကျောင်းနေနှုန်းမြင့်မားလာစေရး၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရေး စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးရာထွန်းက ကျောင်းသား၊ ကျောင်းသူများအပ်နှံလာမှုနှင့် ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားကာ မြို့နယ်အတွင်း ထက်၊ လယ်၊ မူကျောင်းပေါင်း (၂၁)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး မေလ(၂၂) ရက်နေ့မှ(၂၉)ရက်နေ့အထိ အထက်တန်း (၇၃၈)ဦး၊ အလယ်တန်း (၁၂၄၀)ဦးနှင့် မူလတန်း (၃၆၂၁)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၅၉၉)ဦးကို ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ အပ်နှံလက်ခံလျက်ရှိကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဖတ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် KG ဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဖတ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်နှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့  ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် ဇနီး ဒေါ်စုမြတ်မွန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦး၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနန္ဒနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးရာထွန်းနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။                                                                                                            

မောင်မျိုးမင်း