မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မင်းဘူး မေ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က ခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံကျောင်းများဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံခြင်းလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် နိုင်ငံတော်အစိုးရမှ ကျောင်းသုံးစာရေး ကိရိယာများအခမဲ့ပံ့ပိုးကူညီဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တာဝန်ရှိသူများက အခြေခံပညာအဆင့် (ထက်၊ လယ်၊ မူ) ကျောင်းသား၊ ကျောင်းသူများအတွက် သတ်မှတ်ထားသော (Grade) အတန်းများအလိုက် ကျောင်းသုံး စာရေးကိရိယာအဖြစ် ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာကြသူများက ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူလေးများမှ တေးသရုပ်ဖော်သီချင်းများ၊ တပင်အကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာကျောင်း ၁၄၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃ ကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၁၅၈ ရှိကြောင်း၊ အဆိုပါကျောင်းများအားလုံး၌ အခြေခံပညာအဆင့်(ထက်၊ လယ်၊ မူ) စာရင်းရှိ ကျောင်းသားပေါင်း ၃၃၀၆၅ ဦး ရှိသည့်အနက် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၈၁၀၈ ဦး လာရောက်အပ်နှံဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးများ အားလုံး စဉ်ဆက်မပြတ်ပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေပညာ ကျောင်းများအားလုံး၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးလျက်ရှိကာ ဇွန်လ ၂ ရက်နေ့မှစပြီး အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)