မကွေး မေ ၂၉
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၅/၂၀၂၅) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် လျှောက်ထားလာသော ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုမိန့် စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍစုံမှာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေးကို အထူးအလေးထားကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မိမိတို့ မကွေးတိုင်းဒေသကြီးကို တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်ဝင်ရောက်လာမည် ဆိုပါက ဒေသခံ ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ GDP နှင့် လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက် လာမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး၊ သွင်းကုန်အစားထိုးကုန်ပစ္စည်းထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသအတွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်လာစေရေး၊ ရှိပြီးသားရင်းနှီးမြှုပ်နှံမှုများ အောင်မြင်စွာလုပ်ငန်းဆောင်ရွက်နိုင်စေရေးတို့ကို အလေးပေးဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံ့စီးပွားရေးကို အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖော်ထုတ်မြှင့်တင်ပေးကြရန်၊ ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ၎င်းတို့ရသင့်ရထိုက်သည့် အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်/ သက်သာခွင့်များနှင့် အခြားသော အခွင့်အလမ်းများရရှိစေရေး ကူညီဆောင်ရွက်ပေးကြရန်၊ ရင်းနှီးမြှုပ်နှံသူများ လိုက်နာရမည့်တာဝန်နှင့် ဝတ္တရားများကို တိတိကျကျသိရှိလိုက်နာနိုင်စေရေး ကြီးကြပ်ပေးကြရန်၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာကဏ္ဍများကနေ ညီညီညွတ်ညွတ်တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် မြန်မာနိုင်ငံသား စက်မှုလုပ်ငန်း ၁ ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၁.၇၈၀ သန်းအပါအဝင် မြန်မာကျပ်ငွေ ၅၉၀၄.၉၅၀ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၁ နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မောင်ညီညာ