ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ် အခမ်းအနားကျင်းပ

ပွင့်ဖြူ မေ

မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းသားကျောင်းသူများက “ကျောင်းအပ်ကြစို့၊ ပညာပန်းခင်း၊ တို့ကျောင်းတော်” တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ကာ  ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများနှင့်  ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမများ လိုက်နာရမည့် ရည်မှန်းချက်လုပ်ငန်း တာဝန်များကို  ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနမှ ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့သည့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများကို ကျောင်းသား/ကျောင်းသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူမောင်မယ်များက “ပန်းကလေးများ၏ ဥယျာဉ်မှူး၊ ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ “ကျောင်းနေအရွယ် ကလေးများ အားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေ ၂၂ ရက်နေ့ကစပြီး ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုများဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ အခြေခံပညာ(ထက်၊ လယ်၊ မူ) ကျောင်းသား/ကျောင်းသူ စုစုပေါင်းဦးရေ ၂၃၁၄၇ ဦး ကျောင်းအပ်လက်ခံဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းထံမှ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )