ဒလမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ဒလ မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု၀န်ကြီး၏ တွေ့ဆုံပွဲလမ်းညွှန်ချက်အရ မေလ (၁၉) ရက်နေ့မှ (၃၀)ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Abate ဆေးခတ်ရန် ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပါသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပကနအဖွဲ့နှင့် ဒလမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ဦးဆောင်၍ ဒလမြို့နယ် အံ့ကြီးအရှေ့ရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် မင်းစု‌ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်း၊ ရပ်ကွက်နေပြည်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေ‌ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့၀န်ထမ်းများပူးပေါင်း၍ အရှိန်အဟုန်မြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ ဒလမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)