နတ်မောက် မေ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခြင်းနှင့် အာဟာရတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနရှိ ဆရာ၊ ဆရာမများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လူနာဟောင်များအပါအဝင် လူနာသစ်များကို ကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ကုသပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပြီး အဓိက ကျန်းမာရေးစောင့်ရှောက်ပေးရသည့် ရောဂါများမှာ ဆီးချို၊ သွေးတိုး၊ အဆုပ်ရောင်၊ အာရုံကြောအားနည်းစသည့်ရောဂါများကို ရှာဖွေစစ်ဆေးခဲ့ရာ သက်ဆိုင်ရာရောဂါများအလိုက် ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့သည်။ အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အာဟာရဒါနအဖြစ် ကြက်သားဆန်ပြုတ်များလှူဒါန်းကျွေးမွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဆရာဝန်ကြီးနှင့် ဆရာ၊ ဆရာမများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း