ပေါင်းတည် မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်မည့်တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း ရွာသွန်းလျက်ရှိသော ရေတော်မိုးတော်ဖြင့် စိုက်ပျိုးမြေများ၌ သဘာဝမြေဩဇာထည့်သွင်း၍ စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။
ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီက နိုင်ငံတော်၏လမ်းညွှန်ချက်များနှင့်အညီ စိုက်စွမ်းအား၊ သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေး၊ တောင်သူများ အကျိုးစီးပွားတိုးတက်ရရှိနိုင်စေရေးနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် မိုးစပါးပန်းတိုင်အထွက်နှုန်း တင်း၁၀၀နှင့်အထက် ပြည့်မီကျော်လွန်နိုင်ရေး ကြိုပမ်းဆောင်ရွက်ရန် တောင်သူများအား မှာကြားထားကြောင်း သိရသည်။
လျာထားရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် တောင်သူများအနေဖြင့် မျိုးမှန်၊ မြေမှန်၊ စိုက်နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးကြီးကြပ်ဝန်ထမ်းများသည် သက်ဆိုင်ရာကျေးရွာအုပ်စုများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)