သရက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူမျာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

သရက် မေ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူမျာအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သရက်မြို့နယ် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူ (၇၅) ဦးရှိသည့်အနက် ယခုအခါအခမ်းအနားတွင် ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု (၁၉)စု လူဦးရေ (၆၀) ဦးအတွက် လူတစ်ဦးလျှင် တစ်လငွေကျပ် (၂)သောင်း)နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ (၂) လစာအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး သရက်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းသန်းလှိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယား ဆောင်ရွက်ပေးမှုအခြေအနေ ပြောကြားပေးခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ အသီးသီးက ပေးအပ်ခဲ့ကာ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)