မကွေး မေ ၂၉
မကွေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှဦးစီးကျင်းပသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့်ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)၊ ခရီးသွားပို့ဆောင်ရေးအသင်းများ၊ တည်းခိုခန်းလုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ခရီးသွားလုပ်ငန်းဖြင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေများတိုးတက်ဖို့ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျက်စီးမထိခိုက်ပဲဖွံ့ဖြိုးစေဖို့နှင့် စိတ်ဝင်စားဖွယ်ခရီးသွားဆွဲဆောင်မှုများနှင့် ဝန်ဆောင်မှုများကောင်းမွန်စေဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍမှာပါဝင်တဲ့ ဆက်စပ်ဌာနဆိုင်ရာများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ခရီးသွားပို့ဆောင်ရေး၊ စားသောက်ဆိုင်နှင့် MSME လုပ်ငန်းများအားလုံး လူဦးရေ စုစုပေါင်း (၁၆၀)ဦးကျော် ပါဝင်တက်ရောက်ဆွေးနွေးမှာဖြစ်ပြီး၊ ဆွေးနွေးမှုများမှ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရလဒ်များပေါ်ထွက်လာမှာဖြစ်ပြီး ကာလတို၊ ကာလရှည်လုပ်ငန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖြင့် ဝင်ငွေတိုးတက်ရရှိစေရေးနှင့် Tourist Site ဖြစ်စေရေး အစီအမံများဖြင့် ဆောင်ရွက်ခဲ့ရာမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ တည်းခိုမှုနှင့်ဝင်ငွေရရှိမှုများ တိုးတက်လာတာကို တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလမှဧပြီလအထိ ဟိုတယ်များတွင် တည်းခိုနေထိုင်သူ ပြည်တွင်း(၄၅၇၆၀)ဦး၊ ပြည်ပ (၅၂၂)ဦး၊ ဝင်ငွေကျပ်(၇၆၉)သန်း ထိရရှိခဲ့ပြီး၊ ယခင် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၁၅)%တိုးတက်ခဲ့တာတွေ့ရှိကြောင်း၊ ကမ္ဘာ့ခရီးသွားကဏ္ဍကိုကြည့်မယ်ဆိုရင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO)ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့ခရီးသွားလုပ်ငန်းဟာဆိုရင် ၂၀၂၄ ခုနှစ်မှာ ခရီးသွားဧည့်သည် ဝင်ရောက်မှု(၁.၄)ဘီလီယံ၊ အလုပ်အကိုင်အခွင့်အလမ်း (၃၅၇)သန်းရှိပြီး၊ ၂၀၂၅ ခုနှစ်မှာ (၅%)တိုးတက်မယ်လို့ ခန့်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ် ထုတ်ပြန်ကြေညာချက်အရ ခရီးသွား ဧည့်သည်ဝင်ရောက်မှု အများဆုံး(၁၀)နိုင်ငံမှာ ပြင်သစ် (၈၉.၄)သန်း၊ စပိန်(၈၃.၇)သန်း၊ အမေရိကန် (၇၉.၃)သန်း၊ တရုတ်(၆၅.၇)သန်း၊ အီတလီ (၆၄.၅) သန်း၊ တူရကီ (၅၁.၂)သန်း၊ မက္ကစီကို(၄၅)သန်း၊ ထိုင်း(၃၉.၈)သန်း၊ ဂျာမဏီ(၃၉.၆)သန်း၊ ယူကေ (၃၉.၄)သန်းဖြစ်ကြောင်း တွေ့ရှိရကာ၊ အများဆုံး (၁၀) နိုင်ငံထဲမှာ အာဆီယံနိုင်ငံများမှ ထိုင်းနိုင်ငံဟာ အဆင့်(၈)နေရာမှာ ပါဝင်ပြီး ဝင်ငွေဘတ် (၁.၆) ထရီလီယံ ရရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်မှာ အာဆီယံနိုင်ငံများသို့ ခရီးသည်ဝင်ရောက်မှုဟာ(၁၂၁)သန်း လာရောက်ခဲ့တယ်လို့ ဖော်ပြထားရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ အာဆီယံခရီးသွားလုပ်ငန်းဆုများကို ၂၀၂၅ ခုနှစ် တွင် မလေးရှားနိုင်ငံ၊ ဂျိုဟောမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှဆု(၁၃) ဆုရရှိခဲ့ကြောင်း၊ ဆု(၁၃)ဆု အနက် မိမိတို့ မကွေးတိုင်းဒေသကြီးမှာဆိုရင်လည်း မကွေးကားကြီးကွင်းဟာ Public Toilet အာဆီယံဆုကို ရရှိခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်တွင်လည်း မကွေးမြို့ ကမ်းနားလမ်း Public Toilet ဟာ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၃ မှာလည်း ဆုရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းအတွင်းမှာရှိတဲ့ မြို့ရွာများကိုလည်း Clean City ၊ Clean Village ၊ Green City ဖြစ်အောင်ဆောင်ရွက်၍ ဆုများရရှိအောင် ကြိုးပမ်းအားထုတ်သွားရမှာဖြစ်ပါကြောင်း၊ ယနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူအားလုံး ပါဝင်ဆွေးနွေးဆုံးဖြတ်တဲ့ All Inclusive Tourism Movement ဖြစ်တဲ့အတွက် ပါဝင်ဆွေးနွေးသူအားလုံးကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်းနှင့် ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြဖို့နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က တက်ရောက်လာသည့် အဖွဲ့အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အဖွဲ့(၆)ဖွဲ့ခွဲ၍ ခေါင်းစဉ်(၆)ခုဖြစ်တဲ့ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးနှင့် ခရီးစဉ်များရောင်းချနိုင်ရေး၊ဟိုတယ်၊ တည်းခိုရိပ်သာ(မိုတယ်)နှင့် တည်းခိုခန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဝန်ဆောင်မှုကောင်းမွန်စေရေး၊ စားသောက်ဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ လုံခြုံစိတ်ချမှုရှိသော ခရီးစဉ်သစ်ဖြစ်ပေါ်စေရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ Digital Marketing နည်းလမ်းဖြင့် ခရီးစဉ်ဒေသများ မြှင့်တင်ဆောင်ရွက်ရေးခေါင်းစဉ်များဖြင့် ဆွေးနွေးကြမှာဖြစ်ကြောင်း ပြောကြားကာ၊ အလုပ်ရုံဆွေးနွေးပွဲကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ