ပွင့်ဖြူ မေ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာ မိုးကုတ်ရိပ်သာဝန်းအတွင်း မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးက ဒေသတွင်း ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးတို့အတွက် အရိပ်ရပင်များ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုစိုက်ပျိုးမည့် အရိပ်ရပင်များကိုလည်း ရှင်သန်ကြီးထွားအောင် ဒေသခံပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းပြီး ပြုစုထိန်းသိမ်းကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြိူ့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက မိုးကုတ်ရိပ်သာဝန်းအတွင်း မြေကွက်လပ်တွင် ကျွန်း ၁၅၀ ပင်၊ မယ်ဇယ် ၅၀ ပင်၊ စုစုပေါင်း အရိပ်ရပျိုးပင် ၂၀၀ ကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ဌာနဆိုင်ရာများ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)